လောကကြီးအား ဟားတိုက်ရယ်မောခြင်း
လောကကြီးကို ဟားတိုက်မယ်ဆိုလို့  လောကအပြင်က လူသားလားလို့ တော့ မထင်လိုက်ပါနဲ့ ..
လောကဆိုတဲ့ အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးထဲမှာ အလိုက်သင့် ရွက်လွှင့်ဖို့  ကြိုးစားနေတဲ့ ခရီးသည်တစ်ယောက်ပါပဲ..
အိုဘယ့်လောကကြီး..
အသင့်အလိုကျ ကပြအသုံးတော်ခံရသည်မှာ ပင်ပန်းလွန်းလှပါတယ်။
အသင်ဟာ အသွင်အမျိုးမျိုးနဲ့  လူသားတို့ (ကျွန်ုပ်အပါအ၀င်) ကို ဖန်တီးပေတယ်။
ထိုထိုလူသားတို့ အား တစ်မျိုးနဲ့ တစ်မျိုး မရိုးမထပ်ကုန်သော စိတ်နှလုံးကိုယ်စီကိုလည်း အပိုင်စားပေးလေတယ်။
အဆင်းအနံ့ မရှိသော ပန်းမာန်တို့ ကိုလည်း ပွင့်လန်းခွင့်ပေးလေတယ်။
အယူအဆအမျိုးမျိုးကိုလည်း ချပြရှင်သန်စေပြီး ငြိမ်းချမ်းမှုတွေကို ဖျက်ဆီးတတ်သေးတယ်။
အစဉ်အလာဆိုတဲ့ လေပြေအေးတွေနဲ့  အမှန်တရားကို ချွေးသိပ်ထားတတ်သေးတယ်။
ရင့်ကျက်လာအောင်ဆိုပြီး ခါးသီးမှုတွေကို ပေးတတ်သေးတယ်။
ယဉ်ပါးလာအောင်ဆိုပြီး ချိုမြိန်မှုတွေလည်း အလျှံပယ်ဖန်တီးပေးထားတယ်။
အားထုတ်လာအောင်ဆိုပြီး အောင်မြင်မှုတွေကို အယောင်ပြတတ်သေးတယ်။
အသင်ဟာ တတ်လည်းတတ်နိုင်လှပေတယ်။
ထို့ ကြောင့် အသင့်အား ဟားတိုက်ရယ်မောလိုက်ပါတယ်။
လောကကြီးအား ချီးမွမ်းဂုဏ်ပြုခြင်း
လောကကြီးကို ချီးမွမ်းမယ်ဆိုလို့  လောကအလိုကျ လူသားလားလို့ တော့ မထင်လိုက်ပါနဲ့ ..
လောကဆိုတဲ့ အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးကို ရွက်လွှင့်အနိုင်ယူဖို့  ကြိုးစားနေတဲ့ ခရီးသည်တစ်ယောက်ပါပဲ..
အိုဘယ့်လောကကြီး..
အသင့်အလိုကျ ကပြအသုံးတော်ခံရသည်မှာ ပင်ပန်းလွန်းလှပါတယ်။
အသင်ဟာ အလှတရား အမျိုးမျိုးနဲ့  လူသားတို့ (ကျွန်ုပ်အပါအ၀င်) ကို ဖန်တီးပေတယ်။
ထိုထိုလူသားတို့ အား တစ်မျိုးနဲ့ တစ်မျိုး မရိုးမထပ်ကုန်သော မျှော်လင့်ချက် ကိုယ်စီကိုလည်း အပိုင်စားပေးလေတယ်။
အဆင်းအနံ့ မရှိသော ပန်းမာန်တို့ ကို ပွင့်လန်းခွင့်ပေးပြီး အဆင်းအနံ့ ရှိသော ပန်းမာန်တို့ ကို အလှတိုးစေတယ်။
အသစ်သစ်သော ရုပ်ဝတ္ထုပစ္စည်းတွေနဲ့  ဖြူစင်မှုတွေကို မှတ်ကျောက်တင်တတ်သေးတယ်။
အယူအဆအမျိုးမျိုးကိုလည်း ချပြရှင်သန်စေပြီး ငြိမ်းချမ်းမှုတွေကို တန်ဖိုးထားတတ်စေတယ်။
အမှန်တရားကို ချွေးသိပ်ထားတတ်တဲ့ အစဉ်အလာဆိုတဲ့ လေပြေအေးတွေကို အချိန်တန်လျှင် မောင်းထုတ်ပေးတတ်တယ်။
ရင့်ကျက်လာအောင် ခါးသီးမှုတွေကို ပေးတတ်တယ်။
ယဉ်ပါးလာအောင် ချိုမြိန်မှုတွေလည်း အလျှံပယ်ဖန်တီးပေးထားတယ်။
အားထုတ်လာအောင် အောင်မြင်မှုတွေကို အယောင်ပြတတ်တယ်။
အသင်ဟာ တတ်လည်းတတ်နိုင်လှပေတယ်။
2 comments:
လောက ကြီးကို တတ်နိုင် သလောက် ဥပက္ခာ ပြုထား ပါသည်ါ်P
လောကကြီးကလောကကြီးဘဲ..လူတွေဘဲအစွန်းမရောက်
ဘို့ လိုတယ်..နေတတ်ရင်ကျေနပ်စရာပါ..
Post a Comment