School life taught to be idealistic.. Life after school has been teaching to be realistic..
ကျောင်းသားဘ၀တစ်လျှောက် သင်ယူမှုတွေ၊ လေ့လာသိရှိထားတဲ့ ကမ္ဘာကျော်၊ နိုင်ငံကျော်တွေရဲ့ လွှမ်းမိုးမှု၊ ရောင်ပြန်ဟပ်မှုအနေနဲ့ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေဟာ အကောင်းတွေဆီကိုပဲ ဦးတည်နေခဲ့တယ်.. အိပ်မက်တွေဟာလည်း လှပနေခဲ့တယ်.. အတွေးအခေါ်ပိုင်းမှာလည်း ရှင်းရှင်းလင်းလင်းတွေးချင်တယ်.. မိမိအတွေးအခေါ်အတိုင်းပဲ ပြတ်ပြတ်သားသားဆုံးဖြတ်ချင်ခဲ့တယ်.. ဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေဆောင်ရွက်ချင်ခဲ့တယ်.. အဆိုအမိန့်တွေ၊ သတ်မှတ်ချက်တွေ၊ စံနမူနာပြမှုတွေရဲ့နောက်ကို ကောက်ကောက်ပါအောင်လိုက်နေမိတယ်.. ကိုယ့်ဘ၀ကို ရာနှုန်းပြည့် ကိုယ်စွမ်းအားနဲ့ ရွက်လွှင့်မောင်းနှင်နိုင်မယ်လို့ ယုံကြည်ခဲ့မိတယ်.. အခုအချိန်ထိလည်း ဒီယုံကြည်ချက်တွေကို လုံးဝစွန့်ပစ်လိုက်ဖို့တော့ စိတ်ကူးမရှိသေးပါ..
ဒါပေမယ့်.. လက်တွေ့ဟာ လက်တွေ့ပါပဲ.. စာအုပ်ထဲက အရည်အချင်းတွေဟာ လက်တွေ့ဘ၀မှာ ခိုင်မာတဲ့ ရွက်တိုင်တွေလားဆိုတာ သံသယဖြစ်စပြုလာတယ်.. ကိုယ့်ကိုယ်ကို အားမရမှုတွေဟာ ပိုမိုတိုးပွားလာတယ်.. ဖြစ်သင့်တယ်ထင်လို့ ဖြစ်သင့်တာတွေကို လုပ်နေတဲ့သူတစ်ယောက်ဟာ တစ်ကယ်ဖြစ်ချင်လို့ လုပ်နေတဲ့သူတွေ (တနည်းအားဖြင့် enthusiasts တွေ)၊ တစ်ကယ်ကို ဖြစ်ထိုက်သူတွေ (တနည်းအားဖြင့် genius တွေ) လိုတော့ အကောင်းဆုံးတွေနဲ့ နီးစပ်အောင် မလုပ်နိုင်ဘူး ဆိုတာ ပိုမိုသဘောပေါက်လာမိတယ်.. တခါတလေတော့လည်း နည်းလမ်းတွေကို သိပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ်ဖို့ ခက်ခဲလွန်းနေတယ်.. တစ်သက်လုံးရွံရှာစက်ဆုပ်ခဲ့တဲ့ နည်းလမ်းတွေ၊ အကျင့်ဆိုးတွေကို နည်းလမ်းကောင်းတွေ၊ အရည်အချင်းတွေအဖြစ် ထင်ယောင်ထင်မှားဖြစ်လာမိတယ်.. တခါတရံမှာ ကိုယ်တိုင် ကျင့်သုံးတတ်လာတယ်.. ရရှိလာတဲ့ အသီးအပွင့်တွေကို မြိန်ယှက်စွာ စားသုံးတတ်လာတယ်.. ဒါကိုကော realistic ဖြစ်လာတယ်လို့ ပြောကြမှာလား.. သေချာတာတော့ သာမန်လူတစ်ယောက်အတွက် realistic ဖြစ်လာလေလေ.. ideal တွေနဲ့ ဝေးကွာလေလေ.. idealistic ဖြစ်လာလေလေ.. reality တွေနဲ့ဝေးကွာလေလေပါပဲ.. Idealistic realism တို့၊ Realistic idealism တို့ ဆိုတာတွေကတော့ အင်မတန်တော်တဲ့ ပုဂ္ဂိုလ်တွေပဲ ကျင့်သုံးကြတယ် ထင်တာပဲ.. ကျွန်တော်တော့ ကျင့်သုံးဖို့ဝေးစွ.. နားတောင်မလည်ပါ..