Sunday, July 6, 2008

အဖြေညှိကြဖို့  ပုံပြင်လေးတစ်ပုဒ်

ဘလော့တွေမှာ ပုံပြင်လေးတွေရေးကြလို့  ကျွန်တော်လည်း ပုံပြင်လေးတစ်ပုဒ်ကို ဖန်တီးလိုက်ပါတယ်။ ဟိုးရှေးရှေးတုန်းက လူသားလေးတစ်ယောက် ရှိသတဲ့။ သူဟာ ပျောက်ဆုံးနေတဲ့ သူ့ ရဲ့ နောက်တစ်ခြမ်းကို ရှာဖွေနေသူပေါ့။ သူဟာ သိုးမလေးယောင်ဆောင်ထားတဲ့ ဘီလူးမလေးကိုလည်း သူ့ ရဲ့ နောက်တစ်ခြမ်း လို့  ထင်ခဲ့တယ်။ ဘီလူးမလေးမှန်းသိတော့ သူ့ ရဲ့မပြီးဆုံးသေးတဲ့ ခရီးအတွက် ဆက်လက် ထွက်ခွာလာခဲ့တယ်။ နောက်တော့ သူ့ ရဲ့နောက်တစ်ခြမ်းလို့  သူတထစ်ချယုံကြည်မိသူလေးကိုသွားတွေ့  တယ်။ ဒါပေမယ့် သူမဟာ တခြားသောဂြိုလ်ကမ္ဘာက ဂြိုလ်သူမလေးဖြစ်နေလေရဲ့။ဒါနဲ့  ဒီလူသားလေးဟာ ဆက်လက်ခရီးဆက်ခဲ့တယ်။ ဒီလိုနဲ့  အကြင်နာနတ်သမီးလေးတစ်ပါးကို သွားတွေ့ တယ်။ အကြင်နာနတ်သမီးလေးကိုတော့ သူရှာနေတဲ့ တစ်ခြမ်းမဟုတ်မှန်း အစောကြီးကတည်းက သူသိထားခဲ့တယ်။ ဒါကြောင့် သူ့ ရဲ့ ခရီးကို သူဆက်ထွက်လာခဲ့တယ်။ ဟော..နောက်ဆုံးမှာတော့သူ့  ရဲ့နောက်တစ်ခြမ်းကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ သိုးကလေးလိုလည်း ဖြူစင်၊ ဂြိုလ်ကမ္ဘာသူလေးအလား ဆန်းကြယ်၊ နတ်သမီးကဲ့သို့  ကြင်နာတတ်တဲ့ ပြီးပြည့်စုံတဲ့သူ့ ရဲ့ နောက်တစ်ခြမ်းပေါ့။ ဒါပေမယ့် လူသားမလေးဟာ သုံးကြိမ်သုံးခါတိတိ ကမ္ဘာငယ်လေးတွေထဲက ပြေးထွက်လာတဲ့လူသားလေးကို သူ့  ရဲ့ကမ္ဘာငယ်လေးထဲမှာ အမြဲနေထိုင်သွားမယ့် သူ့ ရဲ့ ပျောက်ဆုံးနေတဲ့ တစ်ခြမ်းလို့  မယုံနိုင်ဘူး ဖြစ်နေရှာတယ်။ ဒီတော့လူသားလေးဟာ မရေးတတ်၊ရေးတတ်နဲ့  ကဗျာလေးတစ်ပုဒ် ရေးစပ်ကာပို့  လိုက်လေရဲ့။ ကဗျာလေးကတော့


ဟိုတစ်ယောက်က ချစ်ဦးဆိုပြီး
မေ့မရနိုင် မဖြစ်မိပြီ။
သူကစမှား သစ္စာပြားလို့ 
ခွင့်မလွှတ်နိုင် ဖြစ်ခဲ့သည်။

ဒုတိယက အချစ်ဦးလို့ 
အမှတ်တရ ဆိုနိုင်သည်။
ဘာသာမတူ စရိုက်ကွဲမို့ 
ရင်နာနာနှင့် လမ်းခွဲသည်။

နောက်ဆုံးတစ်ယောက်တော့
ကိုယ့်ကိုချစ်လို့  သနားမိသည်။
သို့ သော်ငြားလည်း
တစ်သက်ရေးမို့  လမ်းခွဲသည်။

အချစ်မှန်ကို မကြုံခဲ့သူမို့ 
နောက်ထပ်ဆုံဖို့  တွေးကြောက်သည်။
သို့ ပင်ငြားလည်း ကိုယ်ချစ်သူကို
ခါမတန်ဘဲ တွေ့ မိပြီ။
သူချစ်မချစ် ကိုယ်မသိလို့ 
ရင်လေးသည် ရင်လေးသည်။

ကဲ.. တစ်ချို့ က ပုံပြင်လေးတွေကို ကိုယ့်စိတ်ကြိုက် ဇာတ်သိမ်းချင်တတ်ကြတယ်။ ကိုယ့်စိတ်ကြိုက် ဇာတ်သိမ်းကြည့်နိုင်ကြဖို့  ပုံပြင်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်နော်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

4 comments:

Welcome said...

အချစ်ဆိုတာ မခိုင်မြဲပါဘူး
ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင်
သူ့အကြိုက်ကို မလိုက်လျောရင်
သူ့သဘောသူဆောင်ပြီး
ပျက်သွားတတ်တာမျိုးပါ...

နှစ်သက်စွာဖတ်ရှုသွားပါတယ်။
လေးစားလျက်
ဝင်းဇော်

မိုးမှောင် said...

ပြောရရင်တော့ အချစ်ဆိုတာ ခက်သားလားဗျာ.. ဟို ကြော်ငြာလို အားလုံးအဆင်ပြေတာလေးကော မရှိဘူးလား ဆိုပြီး မေးရမလိုဖြစ်နေပြီ..

စိုးထက် - Soe Htet ! said...

:)

Taungoo said...

ယောက်ဖလေးကတော့ လုပ်ပြီ
း)